နေပူထဲ အကြာကြီးနေမိရင်ဖြစ်တဲ့ မျက်စိနေလောင်ခြင်းဆိုတာ
မြန်မာပြည်လို အီကွေတာနဲ့ သိပ်မဝေးလှတဲ့အရပ်မျိုးမှာ တစ်နေ့တစ်နေ့ နေပူတဲ့အချိန်က အတော်လေးများလှပါတယ်။ ဒီလိုမျိုး နေပူရှိန်ပြင်းနေချိန်မျိုးတွေမှာ အချိန်အကြာကြီး နေပူထဲရပ်မိ နေမိမယ်ဆိုရင် မျက်လုံးတွေ ပြာဝေသွားတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။
ဒီလိုမျက်လုံး ပြာဝေမူးမိုက်သွားတာကို Eye Sunburn လို့ ခေါ်ပါတယ်။ မျက်လုံးနေပူလောင်ခြင်းပေါ့။ နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ မျက်လုံးထိခိုက်တာဖြစ်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ ပြင်းထန်တဲ့ UV (ultraviolet) rays တွေဟာ အရေပြားလိုမျိုးပဲ မျက်လုံးကိုလည်း ထိခိုက်စေပါတယ်။
ဒီ UV အလင်းရောင်က မျက်လုံးထဲက Cornea အလွှာကို ထိခိုက်စေပြီး မျက်စိနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာအများအပြားကိုပါ ဆက်ပြီး ဖြစ်ပေါ်စေတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ တိမ်စွဲတာ၊ Age-related Macular Degeneration နဲ့ မျက်ခမ်းစပ်ကင်ဆာတွေအထိဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Eye Sunburn ဖြစ်နေပြီဆိုတဲ့ လက္ခဏာများ
နေရောင်ထဲမှာ အချိန်အကြာကြီး နေမိတဲ့အခါ နေရောင်ခြည်မှာပါဝင်တဲ့ UV ကြောင့် မျက်လုံးပြာဝေတာမျိုး စတင်ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ အခြေအနေ ၂ မျိုးရှိပါတယ်။ ယာယီနေလောင်တာနဲ့ ရေရှည်အနေအထား ဆိုပြီးတော့ပေါ့။
မျက်စိနေလောင်မှုဒါဏ်ကို အောက်ပါနေရာတွေမှာ အများဆုံး ကြုံတွေ့ရတတ်ပါတယ်။ ဒါတွေကတော့
- မျက်ကြည်လွှာ၊
- မျက်စိအာရုံခံအလွှာ၊
- မျက်လုံးမှန်ဘီလူး၊
- မျက်မြှေး၊
- အပေါ် အောက် မျက်ခမ်းစပ် နှစ်နေရာလုံး စတဲ့နေရာတွေပါ။
မျက်စိကို နေလောင်တာက အရေပြားကို နေလောင်တာနဲ့ သိသိသာသာ ခြားနားပါတယ်။ Eye Sunburn က ပိုပြီး အန္တရာယ်များတယ်လို့ ဆိုရမှာပါ။ အကြမ်းဖျဉ်းအားဖြင့် Eye Sunburn ဖြစ်ပြီဆိုရင် အောက်ပါ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
လက္ခဏာတွေအနေနဲ့
- မျက်လုံးထဲ အမှုန်အမွှားဝင်နေသလိုမျိုး ခံစားနေရတာ၊
- မျက်လုံး နာကျင်တာ၊
- ခေါင်းကိုက်တာ၊
- အမြင်အာရုံတွေ ဝေဝါးပြီး မူးဝေတာ၊
- မျက်ခမ်းတွေ စပ်ပြီး အထိမခံနိုင်ဖြစ်တာ၊
- မျက်ရည်ကျတာ၊
- မျက်လုံး ဖူးရောင်တာ၊
- မျက်လုံး နီရဲနေတတ်တာ၊
- တောက်ပတဲ့ အလင်းရောင်ကို အထိမခံနိုင်ဖြစ်တာ၊
- မျက်လုံးထဲ အလင်းရောင်တွေ မြင်နေရတာ၊
- ယာယီ အမြင်အာရုံချို့ယွင်းသွားတာတွေဖြစ်နိုင်ပါတယ်။
မျက်လုံးနေလောင်ခဲ့ရင်
ယာယီအားဖြင့်ဖြစ်တဲ့ Eye Sunburn ဖြစ်ခဲ့မယ်ဆိုရင် မိနစ်အနည်းငယ်ကနေ ၁ ရက် ၂ ရက်လောက်အထိ ကြာမြင့်တတ်ပါတယ်။ ရေရှည်ကျန်းမာရေးပြဿနာအဖြစ် ရင်ဆိုင်ရတာမျိုးလည်း ရှိနိုင်တာမို့ ပေါ့ဆလို့ မရတဲ ပြဿနာတစ်ခုဆိုတာကို သိနားလည်ထားဖို့တော့ လိုအပ်ပါတယ်။
တကယ်လို့ ကိုယ်က နေရောင်ကြောင့် Eye Sunburn ပြဿနာနဲ့ ကြုံလာရပြီဆိုရင် အောက်ပါနည်းလမ်းတွေနဲ့သက်သာလျော့ပါးအောင် ကုစားလို့ရပါတယ်။
- မျက်ကပ်မှန် ဒါမှမဟုတ် ပါဝါ မျက်မှန်တပ်ထားရင် ခဏ ချွတ်ထားလိုက်ပါ၊
- မျက်လုံးကို ပွတ်သပ်တာမျိုး မလုပ်ပါနဲ့၊
- အေးမြပြီး အရိပ်ရတဲ့နေရာမျိုးမှာ ခနအနားယူပါ၊
- မျက်လုံး ခဏ မှိတ်ထားပါ၊
- မျက်လုံးကို ရေခဲရေမဟုတ်တဲ့ ရေအေးအေးစွတ်ထားတဲ့ အဝတ်စနဲ့ ကပ်ပေးပါ၊
- မျက်လုံး စိုစွတ်နေစေဖို့ မျက်စိထဲကို ရေသန့်သန့် ဒါမှမဟုတ် မျက်စဉ်း နည်းနည်းခပ်ပေးပါ၊
- ခေါင်းကိုက်တာ မူးဝေတာလို ပြဿနာတွေပါ ကြုံလာရရင် သက်သာစေမယ့် ဆေးဝါးတမျိုးမျိုးကို မှီဝဲပါ၊
- ဖြစ်နိုင်ရင် နေကာမျက်မှန်ဆောင်ထားပါ၊
- မျက်လုံးနား တစ်ဝိုက်က မိတ်ကပ်တွေကို ဖျက်ပစ်ပါ၊
- အခြေအနေပေါ် မူတည်ပြီး ဆရာဝန်ပြသဖို့ လိုအပ်လာရင် အလျှင်အမြန်ပြသရမယ်ဆိုတာကိုလည်း သိနားလည်ထားပါ။
ရဲဇွန်အောင်